16/Oct/2021

ဦးအောင်မျိုးသူ (Managing Director) Rixs Group of Company နှင့် တွေ့ဆုံမေးမြန်းခြင်း

မေး=အစ်ကို့အနေနဲ့ စီးပွားရေး လောကထဲ ဘယ်အချိန်လောက်ကတည်းက စတင်ဝင်ရောက်ခဲ့တာပါလဲ။

ဖြေ=ကျွန်တော် စီးပွားရေး လောကထဲကို 2012 အကုန်ပိုင်းလောက်က စတင်ဝင်ရောက်ခဲ့တာပါ။


မေး=လူငယ်လုပ်ငန်းရှင်တွေထဲမှာ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ဦး ဖြစ်တဲ့အပြင် လုပ်ငန်းအမျိုးအစားခွဲတွေလဲအများကြီး လုပ်ကိုင်နေတယ်လို့ ကြားသိရပါတယ် ။ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအကြောင်းရှင်းပြပေးပါအုံး ။


ဖြေ=ကျွန်တော် အဓိက AUTOMOBILE INDUSTRY လုပ်တာပါ ။ အဲဒီကနေ RIXS GROUP COMPANY အဖြစ် တည်ထောင်ပြီး မော်တော်ကား လုပ်ငန်း အပြင် အခြား DELIVERY DOOR TO DOOR လုပ်ငန်းများ TRAVEL & TOURS TICKETING လုပ်ငန်းများ , MEDICAL SUPPLIES လုပ်ငန်း , FINANCING နှင့် INSURANCE လုပ်ငန်းကို တိုးချဲ့ပြီး လုပ်ကိုင်သွားမှာပါ။


မေး=အစ်ကိုလုပ်ကိုင်နေတဲ့လုပ်ငန်းတွေထဲက ခုချိန်အားအရဆုံး လုပ်ငန်းက ဘာဖြစ်မလဲ။ Quick delivery ကရော ဘယ်ချိန်လောက်က စလုပ်ဖြစ်တာလဲ။ Quick deliveryရဲ့ အားသားချက်က ဘာဖြစ်မလဲ။


ဖြေ= COVID ဖြစ်နေတဲ့ ကာလဆိုတော့ ကျန်းမာရေး ပစ္စည်းတွေ အရမ်းရောင်းရပါတယ်။ ပြီးတော့ အခုကားတွေဈေးတက်တော့ ကားတွေရောင်းရတာပေါ့ ။ မတည်ငြိမ်တဲ့ ဈေးကွက်နဲ့ POLICY တွေကြားမှာ အလုပ်လုပ်ရတာ အရမ်းခက်ခဲပါတယ်။ QUICK DELIVERY ကို ကျွန်တော်တို့တည်ထောင်တာ ( ၁ ) နှစ်လောက်ရှိပါပြီ။ ဒါပေမဲ့ လုပ်ငန်းက လုပ်လိုက် ပြန်ပိတ်လိုက်ဖြစ်နေလို့ အလုပ်လုပ်ရတဲ့ အချိန်သိပ်မရှိဘူး ဖြစ်နေတယ် ။ QUICK ရဲ့အားသာချက်တွေက လာယူခပေးစရာမလိုဘူး။အသက်သာဆုံးဈေးနှုန်း ။သပ်ရပ်လုံခြုံတဲ့ ထုပ်ပိုးမှု ။စိတ်ချရတဲ့ ငွေပေးချေစနစ်။ မြန်ဆန်တိကျမှု။အိမ်တိုင်ရာရောက်ဝန်ဆောင်မှု။

APPLICATION & SOFTWARE အသုံးပြုမှု တွေနဲ့ ကျွန်တော်တို့ ဒီကာလမှာ လုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။


မေး=အခု ပြည်တွင်းမှာ အွန်လိုင်းက ဈေးရောင်းလုပ်ကိုင်ကြတဲ့သူများတဲ့အပြင် delivery လုပ်ငန်းတွေလည်းအများကြီး ဖြစ်လာတဲ့အတွက် deliveryလုပ်ငန်းပိုင်းမှာ ဘယ်လိုအပြိုင်အဆိုင်တွေရှိလာသလဲ။


ဖြေ=DELIVERY က လုပ်ကိုင်တဲ့သူ အရမ်းများပါတယ် ။ ဒါပေမဲ့အရေအတွက်ပဲများတာပါ ။ အရည်အချင်း နဲ့ စနစ်ကျမှု အပိုင်းမှာ အားနည်းချက်တွေ အရမ်းများပါတယ်။ ကျွန်တော်တို့ QUICK ကနိုင်ငံတကာ နည်းတူ SERVICE ပေးနိုင်အောင် ကြိုးစားနေတာပါ။


မေး=လက်တလော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါတွေကြောင့် ပြည်တွင်း လုပ်ငန်းတွေ ဘယ်လောက်အခက်ခဲတွေဖြစ်ပေါ်နေတယ်လို့ သုံးသပ်မိပါသလဲ။ ဒီလိုအခြေအနေကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေ အတော်ထိခိုက်မှုတွေရှိလို့ လုပ်ငန်းတွေရပ်တန့်လိုက်ရတာတွေတောင်ရှိလာတဲ့အတွက် အစ်ကို့ အနေနဲ့ရော အစ်ကို့လုပ်ငန်းတွေဘယ်ရာခိုင်နှုန်းလောက်အထိ ထိခိုက်နစ်နာမှုဖြစ်ပေါ်ခဲ့သလဲ။


ဖြေ= ပြည်တွင်းလုပ်ငန်းတွေ ရှုံးရင်ရှုံး ၊ မရှုံးရင် စရိတ်ရအောင်ကို မနည်းကြိုးစားနေရပါတယ်။ ဒီအချိန်က ကျွန်တော်တို့အတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါ။ ကျွန်တော် တစ်ချို့လုပ်ငန်းတွေ ပိတ်လိုက်ပါပြီ ။ တစ်ချို့ဆိုင်ခွဲတွေလျှော့လိုက်တာတွေ လုပ်ရပါတယ်။ ငှားရမ်းခ ၊ ဝန်ထမ်းစရိတ် နဲ့ အထွေထွေ စရိတ်တွေ အရမ်းများလို့ အဆင်ပြေအောင် ပြန်ညှိရပါတယ်။


မေး=မြန်မာနိုင်ငံရဲ့ အခုလက်ရှိ Banking ပိုင်းတွေအတော် ထိခိုက် ယိုယွင်းနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ ဘာလိုများ ဝေဖန်သုံးသပ်ချင်ပါသလဲ။


ဖြေ=BANKING SECTOR က တော်တော် ဆိုးရွားပါတယ်။ ရိုးရိုးအကောင့်တွေ ( SPECIAL A/C ) တွေ ဘယ်နိုင်ငံမှာမှ မရှိပါဘူး ။ ကြားလည်း မကြားဘူးပါဘူး ။ ဘဏ်မှာ ငွေထုတ်မရလို့ ရပ်သွားတဲ့ လုပ်ငန်းတွေနည်းတာမှ မဟုတ်တာ။ ဘဏ်တွေ ဒီပုံစံအတိုင်းသွားရင် SME တွေ အတွက်ရေရှည်မှာ ပိုပြီး ခက်ခဲလာပါလိမ့်မယ်လို့ သုံးသပ်မိပါတယ်။



မေး=အခုဆိုရင် ပြည်ပ ရင်းနှီးမြှပ်နှံမှုတွေအတော်များများ ပြန်ထွက်ကုန်ပြီ ၊ ဒေါ်လာဈေးတွေလည်းတတ် ကုန်ဈေးနှုန်းတွေလည်းတတ် နေတဲ့အတွက် ပြည်တွင်းလုပ်ငန်းတွေလည်ပတ်မှု က ဒီ၂၀၂၁ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၂နှစ်ဆန်း ကာလမှာ ဘယ်လိုအခြေအနေ ဖြစ်လာနိုင်မလဲ။


ဖြေ=ကျွန်တော်တို့ IMPORT သွင်းတဲ့ ပစ္စည်းရဲ့ အမြတ်ရာခိုင်နှုန်းက ၅%  မှ အမြင့်ဆုံးရဲ့ ၇% အထိပဲရှိပါတယ်။ ဒါပေမဲ့ ဒေါ်လာဈေးအတက်အကျက ရာခိုင်နှုန်း ၃၀% ကနေ ၄၀ % အထိရှိနေပါတော့ ကိုယ်သွင်းလာတဲ့ ပစ္စည်း အမြတ် ၊ အရှုံး မသေချာပါဘူး ။ သင်္ဘောခတွေ အဆမတန်ဈေးကြီးတယ်။ ဈေးကွက်မတည်မငြိမ်တွေဖြစ်တော့ ၂၀၂၁ က မကြာခင် ဒီပုံစံအတိုင်းပဲပြီးသွားမှာပါ။ ၂၀၂၂ က ဒီပုံစံအတိုင်းမဖြစ်ဖို့တော့ မျှော်လင့်ထားပါတယ်။