16/Oct/2021

စစ်ကောင်စီမှအာဏာထိန်းပြီး ၉လအကြာ ပြည်တွင်း ကားလောက အခြေနေ နှင့်ပတ်သက်၍ Rixs Group of Company မှ (Managing Director) ဦး​အောင်မျိုးသူ နှင့် တွေ့ဆုံမေးမြန်းခြင်း

ဦးအောင်မျိုးသူ 


-အလုပ်ကိုင် ကုန်သည်

- ရာထူး  Managing Director


မေး၁- အစ်ကို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး မိတ်ဆက်ပေးပါအုံး ။ 


Automobile Industry, Door To Door Delivery Service, Medical Supplies, Travel & Tours & Financing Industry. 


မေး၂ - လက်တလော ပြည်တွင်းအလုပ်အကိုင်တွေအားလုံး ခက်ခဲနေကြတော့ ကားလောကအခြေအနေလေးရော ဘယ်လိုအခြေနေရှိသလဲ။ 


ဖြေ၂ - ကားလောက က အမှတ်မထင် အရမ်းရောင်းအားတက်လာပါတယ် ။ ပြည်သူတွေအတွက် မြန်မာ ကျပ်ငွေ ( ငွေကြေး ) အပေါ် ယုံကြည်မှု အားနည်းလာတယ်လို့ ထင်မြင်မိပါတယ် ။ ယုံကြည်မှု အားနည်းလာသည်နှင့် အမျှ မော်တော်ကား / အိမ်ခြံမြေ / ဒေါ်လာ နှင့် ရွှေ တို့ကို အစားထိုး ၀ယ်ယူလျက် ရှိနေပါသည်။


မေး၃- ပြီးခဲ့တဲ့ရက်ပိုင်းမှာ use car တွေတင်သွင်းခွင့် ပိတ်လိုက်တယ်ကြားပါတယ်။ဒီလိုပိတ်လိုက်မှုကြောင့် ပြည်တွင်းကားဝယ်/ရောင်းတွေအတွက် ဘယ်လောက်ထိ ထိခိုက်မှု၊သက်ရောက်မှုရှိမလဲ။  


ဖြေ၃ - ဒေါ်လာစေ◌ျးတွေ အဆမတန် တက်သွားတာကို ထိန်း ချုပ်ဖို့ရည်ရွယ်ပြီး မော်တော်ယာဥ် တင်သွင်းခွင့်ကို ရပ်ဆိုင်းလိုက်တယ်လို့ ထင်မိပါတယ် ။ ကားအဟောင်း ( RECONDITIONED ) စျေးတွေ အဆမတန် တက်သွားပါတယ် ။ ရာခိုင်နှုန်းအရ ပြောရရင် ၃၀% လောက်အထိ ကားစျေးတက်သွားတာကို မြင်တွေ့ရမှာပါ ။ ပြည်တွင်းကား၀ယ် / ရောင်းတွေအတွက် ဟိုးယခင်က ပုံစံအတိုင်း RECYCEL အနေနဲ့ ပြန်လည် ၀ယ် / ရောင်း ပြုလုပ်ကြရမှာပါ ။ အမှန်တကယ်နစ်နာသူက USE CAR SALE CENTER တွေပဲ ဖြစ်မယ်လို့ထင်ပါတယ် ။


မေး၄ -စစ်ကောင်စီအာဏာမထိန်းခင် ၂၀၂၀ခုနှစ်နဲ့ အာဏာသိမ်းပြီး ၉လအတွင်း ကားစျေးကွက်အပြောင်းလဲ ဘယ်လိုဖြစ်သွားသလဲ။


ဖြေ၄ - အာဏာ မထိန်းခင် စျေးကွက်က အရမ်းကို တည်ငြိမ်နေပါတယ် ။ အရောင်း / အ၀ယ် ပြုလုပ်လို့ကောင်းတဲ့ အနေအထားလေးပေါ့နော် ။ အာဏာထိန်းပြီး ကိုးလအကြာမှာ ကားစျေးတွေ အရမ်းတက်လာပါတယ် ။ ငွေကြေးဖောင်းပွမှု တွေနဲ့ ရင်ဆိုင်ရပြီး ကုန်သည်လုပ်ငန်းရှင်တွေ အဖို့ အတော်လေး အကြပ်ရိုက် လမ်းပျောက်နေတယ်လို့ ထင်မြင်မိပါတယ် ။


မေး၅- ယခင်အခြေအနေ ပြန်လည်လည်ပတ်နိုင်ဖို့ စစ်ကောင်စီဘက်က ဘယ်လို ဆောင်ရွက်ပေးမှုတွေ ၊ဖြေလျော့ပေးမှုတွေ လုပ်ဆောင်ပေးဖို့လိုအပ်သလဲ။ 


ဖြေ၅ - အဓိက က ယုံကြည်မှု ရှိဖို့ပါပဲ ။ ပြည်သူတွေက အစိုးရကို ယုံကြည်မှုမရှိရင် စျေးကွက်ကို ရိုက်ခက်နေဦးမှာပါပဲ ။ ယုံကြည်မှုနဲ့တည်ဆောက်ရမှာပါ ။ ဘာတွေ ဖြေလျှော့ဖို့ လိုမလဲဆိုရင်တော့ ကုန်သည်တွေက လွတ်လပ်စွာ ရောင်းချင် / ၀ယ်ချင် ကြပါတယ် ။ အရင်ကလိုပဲ ကုန်သည်တွေက လွတ်လွတ်လပ်လပ် တင်သွင်း ဖြန့်ဖြူးရောင်းချခွင့်ရရှိချင်ပါတယ် ။ ဒါမှ စျေးကွက်က ပြန်လည်စည်ကား အသက်၀င်လာမယ်လို့ ထင်မြင်မိပါတယ်။

မေး၆-ဒေါ်လာစျေး အရမ်းမြင့်တတ်ပြီး မြန်မာကျပ်ငွေ ကျဆင်းမှုကရော ကားလောကအတွက် သက်ရောက်မှုဖြစ်စေပါသလား။ ဘယ်လောက်အတိုင်းအတာထိ သက်ရောက်မှုဖြစ်စေမလဲ။ 

ဖြေ၆ - ဒေါ်လာစျေး အရမ်းမြင့်တတ်ပြီး မြန်မာကျပ်ငွေ ကျဆင်းမှုကရော ကားလောကအတွက် သက်ရောက်မှုအများကြီး ဖြစ်စေပါတယ် ။ ဘယ်လောက်အတိုင်းအတာထိလဲဆိုရင် တော့ ၃၀% ကနေ ၄၀% လောက်အထိ သက်ရောက်မှုဖြစ်စေပါတယ်

မေး၇-လက်ရှိနိုင်ငံရေးအခြေနေက အခုအတိုင်း ဆက်သွားဖြစ်နေမယ်ဆိုရင် ပြည်တွင်းကားလောက ဘယ်လိုဖြစ်သွားနိုင်မလဲ။ 

ဖြေ၇ - ငွေကြေးဆက်လက်ဖောင်းပွမှု နှင့် အဟောင်းရောင်း / အဟောင်း၀ယ် ( RECYCLE ) စနစ်ကို ဦးတည်နေပါတယ် ဒီပုံစံအတိုင်းဆိုရင် ရေရှည်မှာ ကားစျေးတွေ ကျဖို့ လမ်းမမြင်နိုင်ပါဘူး ။ အစိုးရက ကားစျေး ကျနိုင်မဲ့ မူ၀ါဒ အသစ်တစ်ရပ် မချမှတ်မချင်းလို့ထင်ပါတယ် ။

မေး ၈- အခုလို နိုင်ငံရေး အခြေနေတွေကြောင့်ပြည်ပရင်းနှီးမြှပ်နှံမှုတွေပြန်ထွက်ခွာသွားတဲ့အပြင် ပြည်တွင်းလုပ်ငန်းတော်တော်များများလဲရပ်နားလိုက်ရပြီ ၊ကားလောကကလဲထိခိုက်မှုတွေများတော့ အစ်ကို့အနေနဲ့ရော ရှေ့ဆက် စီးပွားရေး ဘယ်လိုဆက်လုပ်ဖြစ်မလဲ။ 

ဖြေ၈ - ဒီလိုမျိုးတွေဖြစ်သွားတာက တိုင်းပြည်အတွက်လဲမကောင်းသလို ပြည်သူတွေအတွက်လဲ မကောင်းဘူးလို့ထင်ပါတယ် ။ အစိုးရအနေနဲ့လည်း အခွန်တွေရရှိမှု အလွန်နည်းသွားမယ် ကျွန်တော်တို့ စီးပွားရေးသမားတွေ အတွက်လဲ လမ်းပျောက်သွားလိမ့်မယ်လို့ပဲပြောချင်ပါတယ် ။ ကျွန်တော်တို့ SCHEDULE အတိုင်း ချမှတ်ထားတဲ့ လမ်းစဥ်တွေ လောလောဆယ်တော့ ရပ်ဆိုင်းထားပြီး အခြေအနေကိုစောင့်ကြည့်နေပါတယ် ။
ဘယ်အစိုးရပဲတက်လာလာ ကျွန်တော်တို့ စီးပွားရေးသမားတာ၀န်အရ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်ရမှာပါ ။ ကျွန်တော်တို့က စျေးကွက်ကို တည်ငြိမ်စေချင်ပါတယ် ။ လွတ်လပ်ပြီး မျှတတဲ့ ( FREE TRADE ) ပုံစံဖြစ်စေချင်ပါတယ် ။ ဒါမှသာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် နိုင်ငံတကာ အဆင့် မှီတဲ့ ကုန်စည် နှင့် ၀န်ဆောင်မှုကို ရရှိနိုင်မှာ ဖြစ်တယ်လို့ ထင်မြင် သုံးသပ်မိပါတယ်။

မေး၉-အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။

ဖြေ ၉- ဟုတ်ကဲ့ကျေးဇူးပါဗျ ။